ပဲခူး ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် အခြေခံပညာကျောင်းများ၌ အာဟာရ ငှက်ပျောပင်စိုက်ပျိုးပေးခြင်း အခမ်းအနား ကျင်းပ ပြုလုပ်ခြင်းအား ဇူလိုင်လ ၄ ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီး၌ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား /သူများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ ၎င်းနောက် ဆေးရုံတက်လူနာများအတွက် နံနက်စာ အာဟာရ အခမဲ့ကျွေးမွေးနေမှု သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများ နေ့စဉ်အဟာရဖြည့်စွက်အစာအဖြစ် ငှက်ပျော်သီးစားသုံးနိုင်ရေးအတွက် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၄)အတွင်းရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ဧရိယာအတွင်း ငှက်ပျောပင်များ စိုက်ပျိုးပေးခြင်းအား ပြုလုပ်ပေးခဲ့ပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်းသတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website