Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် စာသင်တိုက်များသို့ ပိဋကတ် သုံးပုံ အဋ္ဌကထာကွန်ပျူတာစာမူ ကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် စာသင်တိုက်များသို့ ပိဋကတ် သုံးပုံ အဋ္ဌကထာကွန်ပျူတာစာမူ ကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၁

          ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် စာသင်တိုက်များသို့ ပိဋကတ်သုံးပုံ အဋ္ဌကထာကွန်ပျူတာစာမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အခမ်းအနား အား ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဇွန်လ ၁ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ သာသနာ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌနှင့် ၎င်းတို့ဇနီးများ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ သာသနာ ရေးဆိုင်ရာ အသင်းအဖွဲ့များ တက်ရောက်ကြည်ညိုခဲ့ကြသည်။

          ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရိယ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက် တည်ခဲ့ကြသည်။ ၎င်းနောက် သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာ ရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

          ထို့နောက် သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ကြွရောက်လာသည့် ဆရာတော်ကြီးတို့အား ပိဋကတ်သုံးပုံ အဋ္ဌကထာကွန်ပျူတာစာမူ ကျမ်းစာအုပ်များနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးတို့က ဆရာတော်ကြီးများထံသို့ ပိဋကတ်သုံးပုံ အဋ္ဌကထာကွန်ပျူတာစာမူ ကျမ်းစာအုပ် များနှင့် လှူဖွယ်ဝတ္တုပစ္စည်းများအား အသီးသီးဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြပြီး ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသထံမှ အနုမောဒနာတရား နာယူကြည်ညို ခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် စာသင်တိုက်များသို့ ပိဋကတ်သုံးပုံ အဋ္ဌကထာကွန်ပျူတာစာမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကာ ဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။