ပဲခူး ဩဂုတ် ၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၆ ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆေွဝင်းက ရေကြီးနစ်မြှုပ်မှုကြောင့် မိုးသီးနှံစိုက်ဧက များနှင့် သီးနှံအထွက်နှုန်း ထိခိုက်မှုမရှိစေရေး လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ရေရှားပါးနိုင်သည့် ဒေသများတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေ ပြတ်လပ်မှုမရှိစေရေး ရေအရင်းအမြစ်ရရှိနိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်စီမံ ထားရန်ဖြစ်ကြောင်း၊ မတ်ပဲနှင့် ပဲတီစိမ်းသည် ပြည်ပသို့တင်ပို့နေရပြီး ယှဉ်ပြိုင်ဈေးကွက်များ ရှိလာနိုင်သဖြင့် တောင်သူတွက်ချေကိုက်သည့် ဆီထွက်သီးနှံပဲပုတ်များကို နှစ်စဉ်ပြောင်းလဲအစားထိုး စိုက်ပျိုး နိုင်ရေး မြို့နယ်များအလိုက် စီမံသွားရန်နှင့် တန်ဖိုးမြှင့်ဆန်အား တစ်ကွင်းတစ်ဆက်တည်း အကွက်ကျယ် စံပြကွက် များ စိုက်ပျိုးနိုင်ရေးဖော်ဆောင်ရန်ဖြစ်ကြောင်း၊ ဒေသတွင်းစားရေရိက္ခာဖူလုံစေရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် သတ်မှတ်စီမံချက်ပါအတိုင်း တိုးချဲ့မွေးမြူနိုင်ရေး အားလုံးကြိုးစားဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက စိုက်ပျိုးရေးနှင့် မွေးမြူ ရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ ဒေသတွင်းနှင့် ပြည်ပသို့ တင်ပို့နေမှု၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရှိရေး ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက မြို့နယ်အလိုက် မိုးသီးနှံစိုက်ပျိုးထားရှိမှုနှင့် ရေကြီး ရေလျှံခြင်းနှင့် ရေရှားပါးမှုမဖြစ်ပေါ်စေရေး ကြိုတင်စီမံထားသည့် အခြေအနေများအား အသီးသီး ရှင်းလင်း တင်ပြခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးတို့က ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် အကြံပြုတင်ပြခဲ့ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည် များ အသေးစိတ်ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website