ပဲခူး စက်တင်ဘာ ၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မား ရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား စက်တင်ဘာလ ၅ ရက်နေ့၊ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုကာလသည် မိုးသည်းထန်စွာရွာ သွန်းလျက်ရှိပြီး မိုးစပါးအပါအဝင် အခြားမိုးသီးနှံများ ရိတ်သိမ်းလျက်ရှိသည့် အချိန်အခါဖြစ်၍ လေ့လွင့်မှု နှင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး စီမံဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ တန်ဖိုးမြှင့် ပေါ်ဆန်းစပါးမျိုးများအပြင် စားသုံးမှုအရည်အသွေးကောင်းမွန်သည့် ဒေသမျိုး တောင်ပျံမွှေး၊ ငကျွဲမွှေးနှင့် ပေါ်ကျွဲမွှေးစပါးမျိုးများကိုလည်း မျိုးသန့်ခြင်း၊ မျိုးပွှားခြင်းများ တိုးချဲ့ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းပြည့်မီသည့် အောင်နိုင်တိုး စပါးမျိုးများ မျိုးသန့်မျိုးပွှားခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်းများ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လာမည့် ဆောင်းသီးနှံစိုက်ရာသီနှင့် နွေစပါးရာသီအတွက် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေရှားပါးမှု မဖြစ်ပေါ်စေရေး ချောင်းပိတ်၊ မြောင်းပိတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် တားမြစ်ပိတ်ပင်ထားသည့် ပိုးသတ်ဆေးဝါးများ သုံးစွဲခြင်း၊ ရောင်းချခြင်းမရှိစေရေး အထူးအလေးထား ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ တာဝန်ရှိသူများက မိုးသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး လျာထားသည့် လုပ်ငန်းစီမံချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရဖွဲ့ တာဝန်ရှိသူများက စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မား ရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး ဆောင်ရွက်သင့်သည့် အခြေအနေများအား သုံးသပ်အကြံပြု ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးသီးနှံ တစ်ခုချင်းအလိုက် လိုအပ်သည်များ အသေးစိတ်ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website