ပြည် မေ ၂၃

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားအား မေလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သိရီရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူ များ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားအား “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆို ဖွင့်လှစ် ပေးခဲ့ကြသည်။
ထိုနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာမှာ အသိပညာရှင် အတတ်ပညာရှင်များစွာ လိုအပ်သည့်အတွက် အသိပညာရှင် အတတ်ပညာရှင်များ ပေါ်ပေါက်လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်တွင် အခြေခံအကျဆုံး ဖြစ်သည့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေရေးနှင့် တန်းစဉ်ကူးပြောင်းနှုန်း ရာနှုန်းမြင့်ရေး ကျောင်းနေမြဲရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူ၍ ဆောင်ရွက်သွားကြနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ တန်းစဉ်အလိုက် ကျောင်းနေနှုန်းမြင့်မားစေရေးအတွက် တက်ရောက် လာကြသူများအား ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်အစိုးရမှအခမဲ့ ပညာရေးစနစ် ဖော်ဆောင် ပေးသည့် ကျောင်းဝတ်စုံများ၊ စာအုပ်၊ ခဲတံနှင့် ဘောပင်များအား အခြေခံပညာအထက်တန်းနှင့် အလယ်တန်း ကျောင်းသား/သူများကိုလည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး မူလတန်း ကျောင်းသား/သူများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းသား/သူများက “ဇာတိမာန်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများနှင့်အား ဂုဏ်ပြုငွေများပေးအပ်ခဲ့ပြီး ဆရာ/ဆရာများ၊ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။ ၎င်းနောက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေးပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website