ပဲခူး ဇွန် ၁၇

မီးရထားလမ်း (သာယာဝတီ-ပြည်)လမ်းပိုင်း ဘက်စုံအဆင့်မြှင့်တင်နိုင်ရေးနှင့် အထူးအမြန်ရထား ပြေးဆွဲနိုင် ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇွန်လ ၁၇ ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာမီအချိန်အတွင်း ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်သို့ DEMU အထူးအမြန်ရထား ပြေးဆွဲမည်ဖြစ်ရာ DEMU အထူးအမြန်ရထား မပြေးဆွဲမီကာလအတွင်း ရထားလမ်းတစ်လျောက် မလွတ်ကင်းသည့် သစ်ပင်များနှင့် အဆောက်အဦများ ကို အချိန်မီဖယ်ရှားရှင်းလင်းသွားရမှာဖြစ်ကြောင်း၊ တရားမဝင် မီးရထားလမ်းကူးများ ပိတ်သိမ်းသွား ရန်နှင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် မဖြစ်မနေအသုံးပြု ရမည့် ရထားလမ်းကူးနေရာများအား ရပ်ကွက်/ကျေးရွာအစီအစဉ်ဖြင့် ဂိတ်စောင့်နှင့် ဂိတ်တံခါးများအား စနစ်တကျထားရှိရမှာဖြစ်ကြောင်း၊ DEMU အထူးအမြန်ရထား ရပ်နားမည့် ဘူတာစဉ်များအလိုက် သန့်ရှင်း သပ်ရပ်စေရေးနှင့် အဆင့်မီ Mobile Shop များ ထားရှိသွားရန်နှင့် မီးရထားလမ်းဖြတ်သန်းရာ ရပ်ကွက်/ ကျေးရွာများအလိုက် မြန်မာ့မီးရထားဆိုင်ရာ ဥပဒေတို့အား သိရှိနားလည်လိုက်နာစေရေးနှင့် ဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လမ်းညွှန်မှာကြားခဲ့သည်။
ထိုနောက် မြန်မာ့မီးရထားတိုင်း(၆) အထွေထွေမန်နေဂျာက ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် သို့ DEMU အထူးအမြန်ရထား ပြေးဆွဲမည့်အစီအစဉ်များ၊ တရားမဝင် ရထားလမ်းကူးများတည်ရှိနေမှု၊ မီးရထားလမ်းများ အဆင့်မြှင့်တင်နေမှုနှင့် ဘူတာစဉ်အလိုက် ရထားရပ်နားမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများက DEMU အထူးအမြန်ရထား ဖြတ်သန်းသွားမည့် မြို့/ရွာများတွင် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အစုန်/အဆန်သွားလာနိုင်ရေး ကြိုတင် ပြင်ဆင်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပဲခူးတိုင်းဒေသကြီးအတွင်း DEMU အထူး အမြန်ရထား ပြေးဆွဲနိုင်ရေး ပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက တင်ပြချက်များနှင့်ပတ်သက်၍ သုံးသပ်အကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website