Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အောင်ပွဲအား ခမ်းနားစွာဆင်ယင်ကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အောင်ပွဲအား ခမ်းနားစွာဆင်ယင်ကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပဲခူး စက်တင်ဘာ ၂၄

          ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကရုံးခန်း ၌ စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက်ပိုင်းက ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီ တော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အောင်ပွဲအား ခမ်းနားစွာ ဆင်ယင်ကျင်းပနိုင်ရေး (ဒုတိယအကြိမ်)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် ၁၁၄ မီတာ (၃၇၄ ပေ)ရှိပြီး မြန်မာနိုင်ငံတွင် ဉာဏ်တော်အမြင့်ဆုံး စေတီတော်တစ်ဆူဖြစ်သည့်အတွက် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အောင်ပွဲ အား ခမ်းနားစွာ ဆင်ယင်ကျင်းပနိုင်ရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ရာသီမရွေးဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရေး တပ်မတော် ကြည်း၊ရေ၊လေ မိသားစုများ၏ကောင်းမှုဖြင့် နေပူခံစကျင်ကျောက်ပြား ခင်းကျင်းလှူဒါန်းခဲ့ပြီးဖြစ်သည့် အပြင် အာရုံခံတန်ဆောင်းများ၊ ကျောက်စာရုံများနှင့် အခြားသာသနိက အဆောက်အဦများကို အမြင် တင့်တယ်မှုရှိစေရေး ပြင်ဆင်ခြင်းများ၊ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ငလျင်ဒဏ်ခံနိုင်စေရေး အတွင်းလှိုင်ခေါင်း ကြံ့ခိုင်မှုပြင်ဆင်ခြင်းနှင့် လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းများကိုလည်း ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ ယင်းလှူဒါန်းမှုအစုစုအတွက် ရေစက်ချ အလှူတော်အောင်ပွဲကြီးအား ခမ်းနားစွာ ဆင်ယင်ကျင်းပနိုင်ရေး ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံမှ လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီ တော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အောင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီအလိုက် တာဝန် ရှိသူများက ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြခဲ့ကြရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လိုအပ်သည်များ သုံးသပ်အကြံပြုတင်ပြခဲ့ကြသည်။

          ယင်းနောက် ဂေါပကအဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များက သက်ဆိုင်ရာ လုပ်ငန်းကော်မတီများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေးတင်ပြခဲ့ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် လိုအပ်သည်များ အသေးစိတ် ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။