Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဆုပေးအပ်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဆုပေးအပ်ပွဲကျင်းပ

ဇန်နဝါရီ ၄ (ပဲခူး)
=======================

ဇန်နဝါရီလ (၄)ရက်နေ့၊ ည(၆)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ထူးချွန်သူများများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယနေ့သည် နယ်ချဲ့ဗြိတိသျှတို့ရဲ့ အလံကိုဖြုတ်ချပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံကိုဂုဏ်ယူဝံ့ကြွားစွာ လွှင့်ထူနိုင်ခဲ့သည် သမိုင်းဝင်နေ့တစ်နေ့ပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လွှတ်လပ်ရေးကို ရရှိခဲ့သော်လည်း နှစ်ပေါင်း(၇၀)ကျော်ကြာသည်အထိ ဒေသတစ်ခုနှင့်တစ်ခု၊ ဘာသာတစ်ခုနှင့်တစ်ခု၊ လူမျိုး တစ်မျိုးနှင့်တစ်မျိုး ညီမျှခြင်းကိုမရရှိခဲ့၍ ယနေ့အချိန်ထိ ပြည်တွင်းစစ်ပွဲတွေ ဖြစ်ပွားလျက်ရှိကြောင်း၊ အတိတ်သမိုင်းတုန်းကလည်း မတူကွဲပြားမှုတွေကို စုပေါင်းအားတစ်ရပ်အနေဖြင့် အသုံးမချနိုင်ခဲ့၍ သူ့ကျွန်ဘဝကို ရောက်ရှိခဲ့ရသည်ကို သင်ခန်းစာရယူကြရမှာဖြစ်ကြောင်း၊ လွှတ်လပ်ရေးရယူနိုင်ရန်အတွက် ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင်စသည့် ဂုဏ်ပုဒ်များဖြင့် ပြည့်စုံသော ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ကျေးဇူးကို အထူးအလေးထားရန်လိုအပ်ပြီး ဗိုလ်ချုပ်အောင်ဆန်း မှာကြားခဲ့သည့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အထူးအလေးထား ဆောင်ရွက်ကာ ပြည်တွင်းငြိမ်းချမ်းရေးနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ကြရန်အတွက် တိုင်းရင်းသားပြည်သူများအားလုံး ကျရာကဏ္ဍမှာ ပူးပေါင်းပါဝင်  ဆောင်ရွက်ကြစေလိုကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ထို့နောက်  အမျိုးသားစာပေဆုနှင့် စာပေဗိမ္မာန်စာမူဆုရရှိသူ(၅)ဦး၊ နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲဆုရရှိသူ(၆)ဦး၊ ပဲခူးမြို့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်၊ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မိုး၊ ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်၊  ရှေးဟောင်းပစ္စည်းများအပ်နှံသူ ကဝမြို့နယ်မှ ဦးသန်းရွှေနှင့် ဦးစန်းမောင်၊  မြင်းကျားဆေးလိပ်ခုံပိုင်ရှင် အလှူရှင် ဦးမြင့်စိန်နှင့် ဒေါ်လှကြည်တို့က ပဲခူးပြည်သူ့ဆေးရုံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေကျပ်သိန်း(၁၀၀၀)နှင့် လွှတ်လပ်ရေးမော်ကွန်၀င်(၁)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုများအား ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်နှင့် ဝန်ကြီးများက အသီးသီးပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တက်ရောက်လာကြသော ဧည့်သည်တော်များက လွတ်လပ်ရေးနေ့ ညစာသုံးဆောင်ပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက တက်ရောက်လာကြသော ဧည့်သည်တော်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ တေးသံရှင်များက တိုင်းရင်းသားများအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ ဥပဒေချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် အမှတ်(၇၇)ခြေမြန်တပ်မမှူး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီဝင်များ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။