ပဲခူး နိုဝင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၂၉ ရက်နေ့၊ နံနက်ပိုက်းက ပဲခူးမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက ်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ရွှေတန်ကျေးရွာအနီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဘက်စုံစိုက်ပျိုးမွေးမြူရေးစံပြစခန်း(ရွှေတန်)၌ စားဖိုဆောင် ဟင်းသီး ဟင်းရွက်များ စတင်စိုက်ပျိုးနေမှု၊ မွေးမြူရေးခြံများတည်ဆောက်ရန်မြေပြုပြင်နေမှုနှင့် ငါးမွေးမြူရေးကန်များ တူးဖော်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး၊ မျိုးကောင်းမျိုးသန့် ကြိုတင်ချိတ်ဆက် မှာယူထားရန်နှင့် တိရစ္ဆာန် အစာအတွက် နေဗီယာမြက်စိုက်ပျိုးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ၎င်းနောက် ဘက်စုံစိုက်ပျိုး မွေးမြူရေးစံပြစခန်း(ရွှေတန်) တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ပတ်လည်ဧရိယာတစ်လျှောက် စိုက်ပျိုး ထားရှိမှုတို့အား မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဥစားကြက် မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ထပ်မံတိုးချဲ့မွေးမြူနိုင်ရေး ဆောင်ရွက်ရန်၊ ဥနှုန်းကျဆင်းမှုမရှိစေရေးနှင့် ရောဂါကျရောက်မှုမရှိစေရေးဂရုစိုက်ရန်၊ တိရစ္ဆာန်အစာအား ဒေသထွက် ကုန်ကြမ်းပစ္စည်းများဖြင့် ရောစပ်ကျွေးမွေးရန်၊ ဥစားကြက်ခြံဧရိယာအတွင်း ဇီဝလုံခြုံရေးအား အလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ပန်းလှိုင် ရပ်ကွက်၊ ဟံသာဝတီကျုံးဘေးတစ်လျှောက် တစ်အုပ်တစ်မ စာဖိုဆောင်သီးနှံ စိုက်ခင်းများ စိုက်ပျိုး ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျုံးတစ်လျှောက် စိုက်ပျိုးမြေများဖော်ထုတ်စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးထွက်ရှိသည့် ဟင်းသီးဟင်းရွက်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရေး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website