Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၉

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၈)ရက်နေ့၊ မွန်းလွဲပိုင်းက စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ အစည်းအဝေးလမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်း (၁)သီးစိုက်ဧကများ လျော့နည်းစေရေး နည်းလမ်းပေါင်းစုံဖြင့် လိုအပ်ချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ သွင်းအားစုများနှင့်ပတ်သက်၍ သဘာဝမြေဩဇာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေးနှင့် ပိုက်ဆံလျှော် စိုက်ပျိုးနိုင်ရေး မျိုးစေ့များရရှိနိုင်ရန် ဖြည့်ဆည်းဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ ဇူလိုင်လအကုန် မိုးစပါး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး အထူးအလေးထား ဆောင်ရွက်ရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အထွက်နှုန်းကောင်း သော မျိုးကောင်းမျိုးသန့် ပြောင်းလဲရွေးချယ် စိုက်ပျိုးရန် လိုအပ်ကြောင်း၊ ဧရာဝတီမြစ်နှင့် မြစ်မခမြစ်ကြားရှိ မြေနုကျွန်းများ၊ ယာမြေများတွင် အထွက်နှုန်းကောင်း မြေပဲမျိုးအပြင် ကြက်သွန်နီစိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်းစိစစ်တင်ပြပေးနှင့် ပြည်တွင်း/ပြည်ပ ဈေးကွက် ရှိသည့် မည်သည့်သီးနှံမဆို မြေလပ်မရှိ စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နှစ်ရှည်သီးနှံစိုက်ခင်းများတွင် ဒေသနှင့် ကိုက်ညီသော ပြည်ပဈေးကွက်ဝင် (ရိုဘက်စတာ)ကော်ဖီမျိုးနှင့် ကိုးကိုးစိုက်ပျိုးပင်များ တွဲဖက်စိုက်ပျိုးနိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊နှမ်းနှင့် နေကြာအား အမှန်တကယ် စိုက်ပျိုးအောင်မြင်နိုင်သည့် မြေနေရာများ ရှာဖွေ၍ တိုးချဲ့စိုက်ပျိုး နိုင်ရန်အတွက် အထွက်နှုန်းကောင်းသော မျိုးကောင်း မျိုးသန့်ရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်စေရေး မြေပြင်ကွင်းဆင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် အသား/ငါး/ဥ စားသုံးမှုဖူလုံပိုလျှံမှုရှိစေရေး နှစ်အလိုက် တိုးချဲ့ မွေးမြူသွား လုပ်ငန်းစီမံချက်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် မြို့နယ်တစ်ခုချင်း အလိုက် စားရေရိက္ခာဖူလုံစေရန် ဘက်ပေါင်းစုံမှ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝ အမြန်ဆုံးမြှင့်တင်မည့် MSMEs လုပ်ငန်းများ တိုးတက်စေ ရေးအတွက် အသက်မွေးပညာသင်တန်းများ အရှိန်အဟုန်မပြတ် ဖွင့်လှစ်သင်ကြားပေးရန်နှင့် ဒေသထုတ်ကုန် များ ဈေးကွက်ရရှိစေရေး ချိတ်ဆက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကဏ္ဍအလိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေ ကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်တစ်ခုချင်းအလိုက် စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။

          ယင်းနောက် တင်ပြချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က သက်ဆိုင်ရာကဏ္ဍတစ်ခုချင်းအလိုက် ပြန်လည်သုံးသပ် အကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။

          တိုင်းဒေသကြီးအတွင်း မိုးစပါးလျာထား(၂၆၉၇၄၇၂)ဧကတွင် စိုက်ပျိုးပြီး(၂၃၃၉၅၃၅)ဧကဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၈၆.၇၃)ရာခိုင်နှုန်း စိုက်ပျိုးထားရှိပြီး ဇူလိုင်လအကုန်တွင် လျာထားချက်ပြည့်မီစွာ စိုက်ပျိုး နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။