Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူးတက္ကသိုလ်၌ Grade 12 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူးတက္ကသိုလ်၌ Grade 12 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပဲခူး မေ ၁၅

=============

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် မေလ (၁၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ ဖွင့်လှစ်သည့် Grade 12 သင်ရိုးသစ် ဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် တည်ဆောက်ရာတွင် လူသားအရင်းအမြစ်ကောင်းမွန်ရေးသည် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်ဖြစ် ကြောင်း၊ နိုင်ငံသားတို့၏ အတွေးအခေါ် အယူအဆ၊ သဘောထားများ၊ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများဖြင့် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရမည်ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိသလို ခေတ်မီပညာများကို သင်ယူတတ်မြောက်စေရေး သင်ရိုးညွှန်းတမ်းများကို အဆင့်မြှင့်တင် ရေးဆွဲလျက်ရှိကာ သင်တန်းနှစ်အလိုက် စနစ်သစ်ပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တိုင်းပြည်အနာဂတ်အတွက် အရည်အချင်းရှိသော တပည့်များ မွေးထုတ်ပေးနိုင်ရေး အရည် အသွေးမြင့်မားသည့် ဆရာ/ဆရာများဖြစ်ရန် လိုအပ်ကြောင်း၊ ပညာတတ်လူစွမ်းအား အရင်းအမြစ် များ ပျိုးထောင်သည့် ဆင့်ပွားသင်တန်းပို့ချသူနှင့် တက်ရောက်သူ ဆရာ/ဆရာမများသည် နိုင်ငံတော်၏ ပညာရေးမြှင့်တင်ပေးနိုင်မှုကို ဦးဆောင်ခွင့်ရသည့် အလွန်တန်ဖိုးရှိ မွန်မြတ်သော အခွင့်အလမ်းတစ်ခုဖြစ်ပြီး နိုင်ငံနှင့်လူမျိုးအတွက် အလွန်အကျိုးရှိသည့် လုပ်ငန်းကြီးတစ်ခုဖြစ်ကြောင်း၊ သင်ရိုးသစ် ဆင့်ပွားသင်တန်း မှတစ်ဆင့် အခြေခံပညာ ကျောင်းသား/သူများကို အရည်အသွေးပြည့်ဝသော ဗလငါးတန်နှင့်ပြည်စုံသော လူတော်လူကောင်းများ၊ နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးနိုင်ရေး အစွမ်းကုန် ကြိုးစားသင်ယူလေ့လာကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်က Grade 12 သင်ရိုးသစ် ဆင့်ပွား သင်တန်း ဘာသာရပ်အလိုက် ဖွင့်လှစ်သင်ကြားပေးသွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က Grade 12 သင်ရိုးသစ် ဆင့်ပွားသင်တန်းသို့ တက်ရောက်သည့် အခြေခံပညာ ဆရာ/ဆရာမများအတွက် ငွေကျပ် သိန်း(၅၀)အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပြီး သင်ကြားရေးအဆောင်များ၊ လက်တွေ့ခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများတွင် Grade 12 သင်ရိုးသစ်အား ကျောင်းဖွင့် ရာသီအမီ အရည်အသွေးပြည့်ဝစွာ သင်ကြားပေးနိုင်ရေးအတွက် အခြေခံပညာအထက်တန်းပြ ဆရာ/ ဆရာမ စုစုပေါင်း(၄၅၆၇)ဦးအား ပဲခူးတက္ကသိုလ်တွင်(၁၄၅၁)ဦး၊ တောင်ငူတက္ကသိုလ်တွင် (၁၁၁၂)ဦးနှင့် ပြည်တက္ကသိုလ်တွင် (၂၀၀၄)ဦးတို့အား (၃)နေရာခွဲ၍ မေလ(၁၅)ရက်နေ့မှ မေလ(၂၄)ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။