Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မေ ၁၈

================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မေလ(၁၈)ရက်နေ့၊ နံနက် ပိုင်းက ဒေသဆိုင်ရာခရီးသွားလု်ပငန်းကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလု်ပငန်းကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးသွားလု်ပငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသထွက်ကုန်များ၊ ဒေသအစားအစာများ၊ တောတောင်ရေမြေသဘာဝနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသစ်များ ဖော်ထုတ် ဆောင်ရွက်သွားရန်လိုအပ်သလို ရာသီအလိုက် ပွဲတော်များ ကျင်းပသွားရန် လိုအပ်ကြောင်း၊ ပြည်တွင်း/ ပြည်ပ ခရီးသွားများ အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး ခရီးသွားပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် လိုအပ်သလို မြို့ပြသန့်ရှင်းသာယာလှပရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပဲခူး တိုင်းဒေသကြီးသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်လျက်ရှိပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပွဲတော် များ၊ တိုင်းရင်းသားရိုးရာ အစားအစာများ၊ တိုင်းရင်းသားကျေးရွာတို့၏ လူနေမှုဓလေ့စရိုက်များအား ပြန်လည် ဖော်ထုတ်၍ ခရီးစဉ်အသစ်များ ထပ်မံချဲ့ထွင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသို့ လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်များအတွက် မှန်ကန်သည့် သတင်းအချက်အလက်များပေး နိုင်ရေး၊ နိုင်ငံတကာနှင့် ပြည်တွင်းခရီးသွား ပြပွဲများတွင် ဝင်ရောက်ပြသခြင်းအပြင် ဒေသအလိုက် ခရီးစဉ်လမ်းကြောင်းများအား သက်ဆိုင်ရာ Travel and Tour ကုမ္ပဏီများနှင့် ကြိုတင်ချိတ်ဆက် ဆောင်ရွက်ရန်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားလုံးဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးက ဟိုတယ် လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း၊ ဒေသဆိုင်ရာဧည့်လမ်းညွှန်လိုင်စင် သက်တမ်းတိုးခြင်း၊ တည်းခိုရိပ်သာမှ ဟိုတယ်/မိုတယ်အဆင့်မြှင့်တင်ခြင်းနှင့် ခရီးလည့်လည်ရေး Travel and Tour လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားခြင်းများအား Power Point ဖြင့် တင်ပြခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက တင်ပြချက်များနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသည့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့ဝင်များက အကြံပြုတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပ  ခရီးသွားဧည့်သည် ဝင်ရောက်မှုအနေဖြင့် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ စုစုပေါင်း(၁၃၇၃၅၁)ဦး ဝင်ရောက်ခဲ့ပြီး ကာလတူနှိုင်းယှဉ်ချက်အရ ခရီးသွားဧည့် သည် (၁၈၀၃၃)ဦး ပိုမိုတိုးတက်ဝင်ရောက်ခဲ့သည့်အပြင် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ ဟိုတယ်(၈) လုံးရှိကြောင်း သတင်းရရှိသည်။