Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်းရှိ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဆိုင် ဖွင့်လှစ် ရောင်းချနေမှုများအား ကြည့်ရှုအားပေး

ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်းရှိ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဆိုင် ဖွင့်လှစ် ရောင်းချနေမှုများအား ကြည့်ရှုအားပေး

ပဲခူး ဇူလိုင် ၂၃

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်း၌ ဈေးအရောင်းဆိုင်များနှင့် ဈေးရုံကြီးများ ပြန်လည်အဆင့်မြှင့်တင်နေမှုတို့အား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

          ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်း၌ ဒေသခံပြည်သူများ ဆန်၊ ဆီ၊ အသား၊ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်များအား သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်လမ်းညွှန်မှုဖြင့် နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိသော ကိုယ်တိုင် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ယခုထက် အမျိုးအမည်စုံလင်စွာနှင့် ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချနိုင်ရေး၊ စည်းကမ်းတကျ ကုန်ပစ္စည်းများ တင်ချနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် ပြည်သူလူထု၏ အဓိက အခြေခံစားကုန်ဖြစ်သည့် ဆန်၊ ဆီ၊ ဥ၊ ငါး ပြတ်လပ်မှုမရှိစေရေး ရောင်းချပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအစိုးအဖွဲ့၏ ဦးဆောင်စီစဉ်လမ်းညွှန်မှုဖြင့်  ဒေသခံပြည်သူများ ဆန်၊ ဆီ၊ အသား၊ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်များအား သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး သက်ဆိုင်ရာ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ် သူများနှင့်ချိတ်ဆက်ကာ ၎င်းတို့ကိုယ်တိုင် တိုက်ရိုက်လာရောက်ရောင်းချ နိုင်သည့် အရောင်းဆိုင်များဖွင့်လှစ်၍ ဇွန်လ(၁၇)မှစတင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈) မြို့နယ်ရှိ မြို့မဈေးများတွင် နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၃)ထပ် ရတနာဈေးရုံကြီး၊ (၂)ထပ် မင်္ဂလာဈေးရုံကြီးနှင့် သီရိဥဿာဈေးရုံကြီးများ ပြန်လည်အဆင့်မြှင့်တင်နေမှုတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ဈေးရောင်းချသူနှင့် ဈေးဝယ်ယူသူများ သက်တောင့်သက်သာဖြင့် ဝယ်ယူရောင်းချနိုင်ရေး အခန်းဖွဲ့စည်းမှုများ သတ်မှတ်ချက်အတိုင်း ပြန်လည်ပြင်ဆင်ရန်၊ လျှောက်လမ်းများ ကျယ်ဝန်းမှုရှိစေရန် ၊ လေဝင်/လေထွက် အလင်းရောင် ကောင်းမွန်စွာရရှိစေရန်၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်နိုင်ရေး အမှိုက်ပုံးများ စီမံဆောင်ရွက်ပေးရန်၊ ရေစီးရေလာကောင်းမွန်မှုရှိစေရေး ဆောင်ရွက်ရန်၊ ဈေးဧရိယာအတွင်း သတ်မှတ်ဈေးရုံ/ ဈေးဆိုင်ခန်းများမှလွဲ၍ မည်သည့်ကျူးကျော် အဆောက်အဦမှမရှိစေရေး ကြီးကြပ် ဆောင်ရွက်ရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုအပ်ချက်များ ဖြည့်ဆည်းတပ်ဆင်ထားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။