Home / သရေခေတ္တရာမြို့ဟောင်း

သရေခေတ္တရာမြို့ဟောင်း

၂၀၁၄ခုနှစ်၊ ဇွန်လ (၂၂)ရက်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပခဲ့သည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးမှ မြန်မာနိုင်ငံပျူရှေးဟောင်းမြို့(၃)မြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းတို့ကို ကမ္ဘာ့အမွေအနှစ်စာရင်း၀င်အဖြစ် သတ်မှတ်ခဲ့ပါသည်။  ကမ္ဘာ့အမွေအနှစ်စာရင်း၀င်သရေခေတ္တရာမြို့ဟောင်းနယ်မြေသည် အရှေ့လောင်ဂျီတွတ်၉၅ဒီဂရီ ၁၅မိနစ်၊ ၅၀စက္ကန့်နှင့် ၉၅ဒီဂရီ(၂၀)မိနစ်ကြား၊ မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၄၅မိနစ်၅၀စက္ကန့်နှင့် ၁၈ဒီဂရီ၅၀မိနစ်ကြား တည်ရှိပြီး ပြည်မြို့၏အရှေ့တောင်ဘက်တွင် တည်ရှိပါသည်။ မြို့ဟောင်း၏အရှေ့ဘက်တွင် အရှေ့လက်ခုပ်ပင်အုပ်စု၊ တောင်ဘက်တွင် အနောက်ရွာသစ်အုပ်စု၊ မြောက်ဘက်တွင် နတ္တလင်းအုပ်စု၊ အနောက်ဘက်တွင် ပြည်မြို့တို့ တည်ရှိပါသည်။ ဧရိယာအကျယ် အ၀န်းအားဖြင့် (၁၃၀၂၆)ဧကကျယ်၀န်းပြီး သရေခေတ္တရာမြို့ဟောင်းဇုန်အတွင်းရှိ ရွှေတံခါးရပ်ကွက်၊ မှော်ဇာကျေးရွာအုပ်စု၊ မှုတ်ရှည်ကျေးရွာအုပ်စု၊ မုဌောကျေးရွာအုပ်စု၊ တွင်းဗြည်းကျေးရွာအုပ်စုတို့ ပါ၀င်လျှက်ရှိပါသည်။ သရေခေတ္တရာမြို့ဟောင်းဇုန် နယ်မြေအတွင်း၌ ရပ်ကွက်/ကျေးရွာအုပ်စု(၅) အုပ်စု၊ အိမ်ခြေ(၃၉၀၄)လုံ၊ အိမ်ထောင်စု(၄၀၇၅)စု၊ လူဦးရေ(၁၉၅၈၄)ဦး နေထိုင်လျှက်ရှိပါသည်။ သရေခေတ္တရာမြို့ဟောင်းဇုန်အတွင်း၌ စိုက်ပျိုးမြေ(၈၅၀၅)ဧက၊ မြို့မြေ၊ရွာမြေ(၄၇၀)ဧက သာသနာ မြေ (၁၅၇)ဧကနှင့် အခြားမြေဧက(၃၈၉၄)ဧက စုစုပေါင်း(၁၃၀၂၆)ဧကရှိပါသည်။

သရေခေတ္တရာရှေးဟောင်းဇုန်၌ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ၊ ဘုရားဖူးခရီးသည်များ လေ့လာဖူး မြှော်နိုင်ရန် ဘုရားစေတီပုထိုးများ၊    သာသနိကအဆောက်အဦများတည်ရှိပြီး သရေခေတ္တရာမြို့ ဟောင်းမြို့ရိုးအတွင်းဘက်ရှိ သာသနိကအဆောက်အဦပေါင်း(၂၀)ဆူ တူးဖော်တွေ့ရှိသည့် ကုန်း(၃၁) ကုန်း၊ မြို့ရိုးအပြင်ဘက်ရှိ သာသနိကအဆောက်အဦ(၁၈)ဆူ တူးဖော်တွေ့ရှိသည့်ကုန်း (၂၄)ကုန်း တို့အား လေ့လာကြည့်ရှုဖူးမြှော်နိုင်ပါသည်။ သရေခေတ္တရာမြို့ဟောင်းအတွင်း၌ ဘုန်းတော်ကြီး ကျောင်း(၁၂၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၁၁)ကျောင်း၊ ဗလီ(၁)လုံး ရှိပါသည်။ သရေခေတ္တရာမြို့ဟောင်းဇုန်ရှိ ထူးခြားထင်ရှားသော ဗုဒ္ဓသာသနိကအဆောက်အဦများမှာ ဘောဘော ကြီးစေတီ၊ ဘုရားကြီးစေတီ၊ ဘုရားမာစေတီ၊ ဘဲဘဲကြီး/ဘဲဘဲလေးစေတီ၊ မြင်ဗာဟုစေတီ၊ လေးမျက်နှာဘုရား၊ မသီးကျကုန်း၊ ဘုရားတောင်ဘုရား၊ ရဟန္တာဂူတို့ တည်ထားလျှက် ရှိပါသည်။