Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)သို့ သွားရောက်ကြည့်ရှု စစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)သို့ သွားရောက်ကြည့်ရှု စစ်ဆေး

ပြည် ဇန်နဝါရီ ၃၀
=======================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဥပဒေချုပ်၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီလ(၂၉) ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ အမှတ်(၃)အကြီးစားစက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား စက်ရုံရှင်းလင်းဆောင်၌ အမှတ်(၃)အကြီးစား စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)၏ စက်ရုံမှူး ဦးမျိုးအောင်ခိုင်မှ တည်ဆောက်ရခြင်း ရည်ရွယ်ချက်၊ စက်ရုံလည်ပတ်နေမှုနှင့် ထုတ်လုပ်မှုလုပ်ငန်းပိုင်းများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးမြို့၊ စက်မှုဇုန်အတွင်း ဝါဂွမ်းမှ ချည်ထည်၊ ချည်ထည်မှ ဆေးဆိုးပန်းရိုက်လုပ်ငန်းအထိ တိုက်ရိုက်လာရောက်ရင်းနှီးမြှုပ်နှံနေသည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှု စက်ရုံများရှိကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်တွင်းထွက် ကုန်ကြမ်းပစ္စည်း လွယ်ကူလျှင်မြန်စွာ ရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ကာ စက်ရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းအား စက်ရုံမှူးထံ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံအတွင်းရှိ ဝါဖန်ဌာန၊ ဗိုင်းတောင့်ဌာန၊ အပင်ပေါင်းဌာန၊ တညင်းဌာန၊ ချည်ဝင်ဌာန၊ ယက္ကန်းစက်ဌာန၊ ပိတ်စစ်ဌာနနှင့် ပိတ်ခေါက်ဌာနတို့၏ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်မှ ထွက်ရှိလာသည့် သင်္ကန်းပိတ်၊ ဇာဗလာပိတ်၊ ခြင်ထောင်ဇာနှင့် ကျောင်းစိမ်းပိတ်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စျေးကွက်ဝင်တန်ဖိုးမြှင့်(Value Added) ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (Mini Budget) တိုင်းဒေသကြီးရန်ပုံငွေ(၁၆၄.၆၇)သန်းဖြင့် ရွှေတောင်မြို့၊ မီးသတ်ရေကန် မြေထိန်းနံရံ ပြိုကျမှုအား ကာကွယ်ရန်အတွက် Bored Pile ရိုက်ခြင်းနှင့် Selected Soil ဖြင့် အစားထိုးလဲလှယ် ပြုပြင်ခြင်း လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးသတ်ရေကန်ပြုပြင်နေချိန်အတွင်း ရေကန်အတွင်း သန့်ရှင်းရေး ပြုလုပ်ခြင်း၊ အခြားနံရံများကိုလည်း ကြံ့ခိုင်ရေးတစ်ပါတည်းစစ်ဆေးဆောင်ရွက်သွားရန်၊ မီးသတ်ရေကန်ဘောင်အား ကန်ပတ်လမ်းအဖြစ် အဆင့်မြှင့်တင်ရန်၊ ကျန်းမာရေးလေ့ကျင့်ခန်းသုံး ပစ္စည်း များ တပ်ဆင်သွားရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေမျက်မှန်ဘုရားသို့ သွားရောက်ဖူးမြော်ကန်တော့ခဲ့ကာ ဘက်စုံပြုပြင်မွန်းမံနိုင်ရေး အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။