Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၏ သင်္ကြန်အကျနေ့ အထူးစည်ကားလျက်ရှိ

ပဲခူးမြို့၏ သင်္ကြန်အကျနေ့ အထူးစည်ကားလျက်ရှိ

ပဲခူး ဧပြီ ၁၄

ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့အား ဧပြီလ(၁၄)ရက်နေ့၊ နံနက်ပိုင်းမှ စတင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် ပြည်သူများနှင့်အတူ ရေသဘင် ပွဲ ပါဝင်ဆင်နွှဲခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဗဟိုမဏ္ဍပ်၌ နိုင်ငံကျော် သရုပ်ဆောင်တေးသံရှင်များနှင့် ဌာနဆိုင်ရာ ယိမ်းအဖွဲ့ များ၊ ရပ်ကွက်/ကျေးရွာအုပ်စုတို့မှ ယိမ်းအဖွဲ့များ၏ ဧည့်ခံဖျော်ဖြေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်(၂၈)မြို့နယ်ရှိ ဗဟိုမဏ္ဍပ်များ၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ နိုင်ငံကျော် သရုပ်ဆောင်တေးသံရှင်များနှင့် DJ တီးခတ်ဖျော်ဖြေမှု၊ သင်္ကြန်ပွဲလာ ဧည့်ပရိသတ်များ၏ ပျော်ရွှင်စွာ ရေသဘင်ပွဲပါဝင်ဆင်နွှဲနေမှု၊ မြူးကြွလှပသော ယိမ်းအကအဖွဲ့များ၏ သီဆိုကပြမှုများ၊ အေးမြလန်းဆန်းမှု ပေးသည့် လမ်းလျှောက်သင်္ကြန်နှင့်အတူ စေတနာရှင်ပြည်သူများမှ စတုဒီသာကျွေးမွေးလှူဒါန်းမှုတို့ဖြင့် အထူးစည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။