Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / Grade-9 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် တိုင်းဒေသကြီးကိုယ်စားပြု အားကစားအသင်း များအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

Grade-9 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် တိုင်းဒေသကြီးကိုယ်စားပြု အားကစားအသင်း များအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး မေ ၁၇

===================

ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမတွင် မေလ(၁၇)ရက်နေ့ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-9(သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်း/​ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်ခဲ့သည်။

         ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ့ပညာရေးသမိုင်းကို တစ်ခေတ်ပြောင်းစေမည့် အမျိုးသားပညာရေး မဟာဗျူစီမံကိန်းရဲ့ အခြေခံပညာသင်ရိုးညွှန်တမ်းများကို ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ နိုင်ငံတော်ကချမှတ်ထားတဲ့ ပညာရေးမူဝါဒများအား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဆရာ၊ဆရာမများအားလုံးက တာဝန်သိသိ ကြိုးပမ်း ပေးကြရန် လိုကြောင်း တိုက်တွန်းပြောကြား ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က Grade-9(သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် ဆင့်ပွား သင်တန်းအတွက် ထောက်ပံ့ငွေကျပ်သိန်း(၂၀)အား‌ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ပညာရေးမှူး ဦးစိုးလွင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-9(သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်း/​ ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက သင်တန်းသား/သူ ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် ခဲ့ပြီး သင်တန်းခန်းမများအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-9(သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်း/​ ဆွေးနွေးပွဲအား တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းပေါင်း (၂၀)ကျောင်းတွင် တက္ကသိုလ်နှင့် အခြေခံနည်းပြ စုစုပေါင်းနည်းပြ(၈၇၀)ဦးမှ သင်တန်းသား/သူ ဆရာ/ဆရာမ(၁၃၇၃၄)ဦးတို့အား မေလ(၁၇) ရက်နေ့မှ (၂၄)ရက်နေ့အထိ ဖွင့်လှစ်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ၊ U-18 ပြေးခုန်ပစ်ပြိုင်ပွဲနှင့် U-18 အမျိုး သား ဘောလုံးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားအသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်မည့် ထိုက်တန်ထူးချွန် သည့် အားကစားသမားများ ပေါ်ထွက်လာစေရေး သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွှတ်မှု၊ စည်းကမ်းရိုသေလိုက်နာ မှုစသည့် အားကစားသမားစိတ်ဓာတ်ကို အခြေခံပြီး ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း တိုက်တွန်းပြော ကြားခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အားကစားအသင်းများအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ်(၅၈)သိန်းအား‌ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်က အားကစားနည်းအလိုက် လူရွေးချယ်မှု၊ စခန်းသွင်းလေ့ကျင့် နေမှုနှင့် သွားရောက်ယှဉ်ပြိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။