Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြားခဲ့သည့် လမ်းညွှန်ချက်များ ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြားခဲ့သည့် လမ်းညွှန်ချက်များ ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၂၀

=====================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းဝေးခန်းမ၌ ဧပြီလ(၂၀)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြားခဲ့သည့် လမ်းညွှန်ချက်များ ရှင်းလင်းခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြားခဲ့သည့်  လမ်းညွှန်ချက်များနှင့် ပတ်သက်၍ ဌာနဆိုင်ရာများ သိရှိလိုက်နာ ဆောင်ရွက်သွားရန်နိုင်ရေး ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း က မိမိတို့တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်နှံမှု လျော့နည်းလာ သော်လည်း ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်ရုံ/အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Social Media (Facebook) ပေါ်တွင် အမျိုးမျိုးသော အကြမ်းဖက်လှုံ့ဆော်မှုများကိုလည်း သတင်းပေးတိုင်ကြားရန်နှင့် ထိရောက်စွာလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ် အထူးဂရုစိုက်ရမည်ဖြစ်ကြောင်း၊ ကျောင်းမနေနိုင်သည့် ကလေး သူငယ်များအား မိမိတို့၏သားသမီးများသဖွယ် သဘောထား၍ ကျောင်းနေနိုင်ရေး ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ နွေရာသီ စာသင်ဝိုင်း/ စာဖတ်ဝိုင်းများလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ယဉ်ကျေးလိမ္မာသင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်းနှင့် တက္ကသိုလ်/အခြေခံ ပညာကျောင်းများ COVID-19 စည်းကမ်းချက်နှင့် အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကောင်စီဝင်များ၊ ဥပဒေချုပ်နှင့် အတွင်းရေးမှူးတို့က အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုများ ဆောင်ရွက်နေ မှု အခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာရုံးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လိုအပ် သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီဝင်များ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်းနှင့်  တက်ရောက်လာသည့် ဌာနဆိုင်ရာများအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းများစာအုပ်အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။