Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူအထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူအထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံပွဲ ကျင်းပပြုလုပ်

တောင်ငူ ဇူလိုင် ၁၆

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၊ အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တောင်ငူအထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုး တက်စေရေး တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ အား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တောင်ငူဒေသအား အထူးဒေသအဖြစ် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်ရာတွင် အခြားမြို့နယ်များ၏ စံပြဖြစ်စေရေး အကောင်အထည်ဖော် ဆောင်  ရွက်သွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍  Export Zone များတွင် တန်ဖိုးမြှင့်ပေါ်ဆန်းစပါးများ စဉ်ဆက်မပြတ် စိုက်ပျိုးသွားနိုင်ရေးနှင့် မျိုးစပါးလုံလောက်မှုရှိစေရေး ခေါင်နှံဖြင့် ပျိုးထောင်သည့်စနစ်ကို ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ဒေသတွင်း လအလိုက် သတ်မှတ်ထားသည့်အတိုင်း တိုးချဲ့မွေးမြူနိုင်ရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသအလိုက် ထွက်ရှိသည့် စားသုံးကုန်များ၊ လူသုံးကုန်များအား အဆင့်အတန်းမီမီ ဈေးကွက်ရရှိစေရေး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန်၊ မူလတန်းမှစ၍ အခြေခံပညာရေးစနစ် ကောင်းမွန်စေရေးနှင့် ကျောင်းနေသူတိုင်း ကျောင်းနေပျော်ပြီး တန်းစဉ်ကူးပြောင်းမှုရာခိုင်နှုန်း တိုးတက်လာစေရေး အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောထွန်းဦးက တောင်ငူ ခရိုင်၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSMEs နှင့် တောင်ငူအထူးဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများ အကောင်အထည် ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက တောင်ငူ အထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။