ပဲခူး အောက်တိုဘာ ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကလေးအလုပ်သမားလျော့နည်း ပပျောက်စေရေး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှု မြင့်မား စေရေး ဆက်လက်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ အသက်(၁၄)နှစ်မှ အသက်(၁၆)နှစ်ကြား လုပ်ငန်းခွင် သို့ ရောက်ရှိနေသော ကလေးအလုပ်သမားများအား ဥပဒေအရ သတ်မှတ်ထားသည့် အလုပ်လုပ်ချိန်(၄) နာရီသာလုပ်စေပြီး ကျန်သည့်အချိန်တွင် ကျောင်းပြင်ပပညာရေးတွင် တက်ရောက်သင်ကြားစေခြင်းနှင့် အသက်မွေးပညာသင်တန်းတစ်ခုခု တက်ရောက်သင်ကြားနိုင်စေရေး ဖန်တီးပေးသွားရန်ဖြစ်ကြောင်း၊ ကလေးငယ်များနှင့် တိုက်ရိုက်ဆက်စပ်ပတ်သက်လျက်ရှိသည့် မိဘများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်ဖြစ်ကြောင်း၊ ကလေးအလုပ်သမား ပပျောက်စေရေးအတွက် မြို့ပြတွင် သာမက ကျေးလက်ဒေသအထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ဥပဒေပါပြဌာန်းချက်များကို လိုက်နာ စေရေး အသိပညာပေးခြင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကလေးအလုပ်သမား ပပျောက်စေရေး ပါဝင်သင့် ပါဝင်ထိုက်သည့် NGO များ INGO များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တိုင်းပြည်၏အနာဂတ် ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ကလေးသူငယ်များ၏ အခွင့်အရေးများ ပြည့်ဝစွာရရှိရေး၊ အန္တရာယ်ရှိသော အလုပ်ခွင့်များမှ ကင်းဝေးစေရေးနှင့် ကလေးအလုပ် သမားများပပျောက်စေရေးတို့အတွက် အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြစေလိုကြောင်း ပြော ကြားခဲ့သည်။
ထိုနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ကော်မတီဝင်များက ကလေးအလုပ်သမား ပပျောက်စေရေး သက်ဆိုင်ရာကဏ္ဍအလိုက် Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကြံပြုတင်ပြခဲ့မှုအပေါ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ အသေးစိတ် ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website