ပြည် ဩဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၁၉)ရက်နေ့၊ နံနက်ပိုင်း က တည်ဆောက်ရေး(၂) အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပဲခူးတိုင်း (အနောက်)ရှိ မြို့နယ်(၁၄)မြို့နယ်အတွက် မျိုးစေ့ချကိရိယာ Drum Seeders များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စပါးသီးနှံ ပန်းတိုင်အထွက်နှုန်းတိုးတက်ရရှိရေး လက်ဆွဲကောက်စိုက်စက်နှင့် မျိုးစေ့ချကိရိယာ(Drum Seeder)များ ဝယ်ယူဖြန့်ဖြူးထောက်ပံ့ပေးခြင်းအပြင် ဒေသအတွင်းမှလည်း စဉ်ဆက်မပြတ် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဖြန့်ဖြူးပေးသည့် မျိုးစေ့ချကိရိယာ(Drum Seeder)များ သည် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲအကြီးစားစက်ရုံမှ ပြည်တွင်းဖြစ်ထုတ်လုပ်သည့် ကိရိယာဖြစ်ကာ တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးပေးခြင်းဖြင့် ကြဲခင်းစနစ်ပပျောက်ပြီး ပန်းတိုင် အထွက်နှုန်းရရှိကာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရည်မှန်းချက် အောင်မြင်မှာဖြစ်ကြောင်း၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းအားဖြင့် လုပ်သားရှားပါးမှုနှင့် စိုက်ပျိုးကုန်ကျစရိတ်သက်သာသည့်အပြင် ပိုမိုစိုက်ပျိုးနိုင်သည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း စားရေရိက္ခာဖူလုံရေးနှင့် ပိုလျှံစွာ ထုတ်လုပ်နိုင်ရေး စပ်ဆက်ဌာနများ၊ လုပ်ငန်းရှင်များနှင့် တောင်သူ အစုအဖွဲ့များအားလုံး လက်တွဲညီညီဖြင့် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာယာဝတီခရို်ငအတွင်းရှိ မြို့နယ်(၆)မြို့နယ်အတွက် မျိုးစေ့ချကိရိယာ (Drum Seeder) (၂၁၄)ခု၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်အတွက် မျိုးစေ့ချကိရိယာ (Drum Seeder) (၁၄၃)ခု၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ် (၄) မြို့နယ်အတွက် မျိုးစေ့ချကိရိယာ (Drum Seeder) (၁၄၃)ခု၊ စုစုပေါင်း မျိုးစေ့ချကိရိယာ (Drum Seeder) (၅၀၀)ခုအား သက်ဆိုင်ရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့နယ်အလိုက် လွှဲပြောင်းပေးအပ်မည့် မျိုးစေ့ချ ကိရိယာ (Drum Seeder)များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြဲခင်းစနစ်ပပျောက်ရေးနှင့် စပါးသီးနှံ ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် ဇွန်လ(၈)ရက်နေ့နှင့် ဇူလိုင်လ(၉)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈) မြို့နယ်အတွက် လက်ဆွဲကောက်စိုက်စက် အစီးရေ(၁၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအခါ မျိုးစေ့ချ ကိရိယာ (Drum Seeder) (၁၀၀၀)ခုအား ထပ်မံထောက်ပံ့ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website