Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်း ထွက်ရှိနိုင်ရေးကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်း ထွက်ရှိနိုင်ရေးကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

ပဲခူး ဇန်နဝါရီ ၃၀

=====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းဝေး အမှတ်စဉ်(၁/၂၀၂၃) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ပါအတိုင်း ခရိုင်/မြို့နယ်အလိုက် စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက် သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးကြိုးစားဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကအခြေခံသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး မြေလပ်မရှိ စိုက်ပျိုးသွားရန်၊ စိုက်ပျိုးသည့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီရန်လို ကြောင်း၊ ဒေသအလိုက် စားရေရိက္ခာဖူလုံမှသာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ကျော်လွှားနိုင်မှာဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ချနိုင်ရေးအတွက် သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲခြင်း၊ ရက်တိုပြီး အထွက်တိုးသီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ မျိုးကောင်းမျိုးသန့်များရရှိနိုင်ရေး ဆောင်ရွက် ပေးခြင်း၊ တစ်ကွင်းတစ်ဆက်တည်း မျိုးတူစပါးစိုက်ပျိုးခြင်း၊ မျိုးကွဲများလျော့ချခြင်းနှင့် ဆိုလာရေတင် စနစ်ဖြင့်စိုက်ပျိုးရေရရှိရေးဆောင်ရွက်ပေးခြင်းတို့ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုး ရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အစိုးရမှ မြစိမ်းရောင်စီမံကိန်း၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေများဖြင့်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိရစ္ဆာန်မွေးမြူရေးနှင့်ပတ်သက်၍ မိရိုးဖလာ လွှတ်ကျောင်းစနစ်မှ ခြလှောင်မွေးမြူခြင်းစနစ်သို့ ပြောင်းလဲဆောင်ရွက်ရမည်ဖြစ်ပြီး တိရစ္ဆာန်အစာအတွက် နေဗီယာမြက်အား စိုက်ပျိုးသွားရန်နှင့် ထွက်ရှိလာသည့်စွန့်ပစ်ပစ္စည်းများမှ စိုက်ပျိုးရေးအတွက် ပြန်လည် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများအား အမှန်တကယ်ဖြစ်ထွန်းနိုင်သည့် မြေနေရာများအား စနစ်တကျရွေးချယ် စိုက်ပျိုးသွားရမည်ဖြစ်ကြောင်း၊ ကြဲပတ်စနစ်မှ အစေ့ချစိုက်ပျိုးသည့် Drum Seeder၊ ကောက်စိုက်စက်များနှင့် ပျိုးထောင်စက်များဖြင့် ပိုမိုကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးသွားနိုင်ရေး အသိပညာ ပေးရန် လိုအပ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေမလုံလောက်သည့် ဒေသများတွင် ရေအနည်းလို စပါးမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေ များအား မည်သည့်အကြောင်းနှင့်မျှ လျော့နည်းမှုမရှိစေရေးနှင့် အခြားနည်းခွင့်ပြုထားသော်လည်းလုပ်ငန်း လုပ်ကိုင်ခြင်းမရှိသည့် မြေများအားစိစစ်၍ မူလစိုက်ပျိုးမြေအဖြစ်သို့ ပြောင်းလဲပြီး သီးနှံများပြန်လည် စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး ကဏ္ဍအလိုက် ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ကဏ္ဍအလိုက် Power Point ဖြင့် အသေးစိတ်ရှင်း လင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တာဝန်ရှိသူများက လိုအပ်သည်များ သုံးသပ်ရှင်းလင်း တင်ပြခဲ့မှုပေါ် တို်ငးဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်ချက်များ ဖြည့်စွက လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။