Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် စက်မှုလယ်ယာသို့ ရာနှုန်းပြည့် ကူးပြောင်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် စက်မှုလယ်ယာသို့ ရာနှုန်းပြည့် ကူးပြောင်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မတ် ၁၄

==============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ မတ်လ(၁၄)ရက်နေ့၊ နံနက်ပိုင်း က ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စက်မှုလယ်ယာသို့ ရာနှုန်းပြည့် ကူးပြောင်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နွေစပါးစိုက်ဧကများသည် တစ်နှစ်(၃)သီး စိုက်ဧကများဖြစ်၍ ရာသီချိန်မီစိုက်ပျိုးနိုင်ရန် လိုအပ်ပြီး ပန်းတိုင်အထွက်နှုန်း ရရှိအောင် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ပဲတီစိမ်း၊ မတ်ပဲ၊ ဝါ၊ ကြံ၊ မြေပဲတို့အား စိုက်နည်းစနစ်ပြောင်းလဲခြင်း၊ မျိုးကောင်းမျိုးသန့် ဖြန့်ဖြူး ပေးနိုင်ခြင်းတို့ကြောင့် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိခဲ့ပြီးဖြစ်၍ လာမည့်နှစ်တွင် ကျန်ရှိသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ထပ်မံကြိုးစားဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်ကြောင်း၊ နေကြာအား သီးညှပ်အစား အမှန်တကယ်စိုက်ပျိုးအောင်မြင်နိုင်သည့် မြေနေရာများ သေချာစိစစ်ရွေးချယ်၍ သီးသန့် စိုက်ခင်းများ စိုက်ပျိုး သွားရမှာဖြစ်ပြီး ပဲစိုက်ဧကများတွင် တောင်သူတွက်ချေကိုက်ပြီး အလားအလာရှိသည့် ပဲဇဉ်းငုံသီးညှပ်တိုးချဲ့ စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း သီးနှံစိုက်ဧကများ ထပ်မံတိုးချဲ့ရန် အခက်အခဲရှိသဖြင့် သီးထပ်တိုးချဲ့စိုက်ပျိုးရန်နှင့် နှစ်ရှည်သီးနှံစိုက်ခင်းများတွင် ကော်ဖီ၊ ဝဥနှင့် ပီလောပီနံများ ကြားညှပ်စိုက်ပျိုး ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေနှင့် သောက်သုံးရေများအား လေလွင့်မှုမရှိ အကျိုးရှိရှိ သုံးစွဲသွားရန်နှင့် လယ်ယာကဏ္ဍတွင် အလုပ်သမားရှားမားမှုဖြစ်ကြောင့် မဖြစ်မနေ စက်မှုလယ်ယာသို့ ကူးပြောင်းဆောင်ရွက် သွား ရမှာဖြစ်ကြောင်း၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မွေးမြူသူအသေးစားလုပ်ငန်းရှင်သစ် များ ဖော်ထုတ်၍ ချေးငွေရရှိရေးနှင့် မျိုးကောင်းမျိုးသန့်များ မွေးမြူထုတ်လုပ်နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက် ပေးသွားရမှာဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများနှင့်ပတ်သက်၍ One Region One Product(OROP) အဖြစ် ဒေသတစ်ခု ထုတ်ကုန်တစ်ခု တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက်စေရေးအတွက် ထုတ်ပိုးမှုစနစ်များအဆင့် မြှင့်တင်ခြင်းနှင့် ဈေးကွက်ရရှိရေး ကူညီဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ မြို့ပြသန့်ရှင်းသာယာလှပစေ ရေးနှင့် မီးဘေးကြိုတင်ကာကွယ် ခြင်းလုပ်ငန်းများလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုအပ် ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ နှင့်ပတ်သက်၍ လုပ်ငန်းအပ်နှံမည့် တည်ဆောက်ရေးလုပ်ငန်းများ အား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားရန်နှင့် ရုံးလုပ်ငန်း များ ဆောင်ရွက်ရာတွင် လုံခြုံရေး အသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအား အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ တင်ဒါ လုပ်ငန်းများနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ အပေါ် အသီးသီး အကြံပြုတင်ပြဆွေးနွေးခဲ့ကြသည်။

          ယင်းနောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ၏ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ဖြည့်စွက် ရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်းအလိုက် ပြန်လည်သုံးသပ် ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ဧက(၂၆)သိန်းကျော်ရှိပြီး ယခင်နှစ်ထက် တစ်ဧကလျှင် (၁၁)တင်းကျော် ပိုမိုထွက်ရှိခဲ့ပြီး ပျှမ်းမျှအထွက်နှုန်း(၈၉)တင်းဖြစ်ကာ သီးထပ်စွမ်းအား(၈၆)ရာခိုင်နှုန်း ကျော်နှင့် သီးနှံစိုက်စွမ်းအား(၁၉၀)ရာခိုင်နှုန်းကျော် ရှိကြောင်း သတင်းရရှိသည်။