Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အရှိန်အဟုန်မပြတ် ဆက်လက်ကူညီ ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အရှိန်အဟုန်မပြတ် ဆက်လက်ကူညီ ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဖေဖော်ဝါရီ ၁၇

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိထားလုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ စိုက်ပျိုးရေးထွက်ကုန်များနှင့် မွေးမြူရေး ထုတ်ကုန်များအပေါ် အခြေခံပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား(MSMEs) စီးပွားရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်လုပ်ငန်းများသို့ အချိန်တိုအတွင်း ရောက်ရှိလာစေရေး ကူညီပံ့ပိုးပေးဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊အဓိကအားဖြင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အသုံးပြုပြီး၍ တန်ဖိုးမြှင့်ထုတ်ကုန် များအဖြစ် ဈေးကွက်ရရှိစေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် စီစဉ်ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ဒေသထွက်ကုန်တစ်ခုချင်းအလိုက် ထုတ်ပိုးမှုစနစ် မြှင့်တင်ပေးခြင်း၊ ရေရှည်စားသုံးနိုင်ရေး နည်းပညာပေး ခြင်း၊ လုပ်ငန်းများ ချဲ့ထွင်နိုင်ရေး ချေးငွေရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့်အတူ FDA စစ်ဆေး ခွင့်ပြုချက်ရရှိရေးတို့ကို သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ သစ်ဝါးအခြေခံ စက်မှု/လက်မှုလုပ်ငန်းရှင်များအတွက် ရေရှည်ကုန်ကြမ်းရရှိစေရေး ယမနေ၊ မန်ဂျန်ရှား၊ ဝါးမျိုးကောင်း ကဲ့သို့ အကြီးမြန်၊ အသားကောင်းပင်များ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးမြေများ ခွင့်ပြုပေးရန် စီစဉ်လျက်ရှိပြီး ကျန်သည့် လုပ်ငန်းရှင်များ သိရှိစေရေး ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒေသထွက် ကုန်များအား ပြန်လည်အဆင့်မြှင့်တင်ပြီး ပြည်တွင်းဈေးကွက်အတွက်သာမက ပြည်ပဈေးကွက်သို့ ဖြန့်ဖြူးနိုင်ရေး မျှော်မှန်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊  စပါးခွံကဲ့သို့ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများမှ တိရဆ္တစာန် အစာထုတ်လုပ်ခြင်း၊ သဘာဝမြေဩဇာထုတ်လုပ်ခြင်းနှင့် လောင်စာထောင့် ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အသိပညာသင်တန်းပေးခြင်းများ တိုးချဲ့ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မွေးမြူရေးထုတ်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်လာစေရေး အအေးခန်းစက်ရုံများ၊ စည်သွပ်ဗူးစက်ရုံ များ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆောင်ရွက်သွားရမှာဖြစ်သလို ဒေသထွက်ကုန်ပစ္စည်း ထုတ်လုပ်ခြင်း အား ခရီးသွားလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် လျှပ်စစ်စွမ်းအင်ချွေတာနိုင်ရေး ဆန်စက်လုပ်ငန်းရှင်များအား အစုအဖွဲ့စနစ်ဖြင့် Biomass Gasifier များ တည်ဆောက်အသုံးပြုနိုင်ရေး စည်းရုံး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တာဝန်ရှိသူများက ချေးငွေရရှိရေး၊ နည်းပညာရရှိရေး၊ ခိုင်မာ သည့် ဈေးကွက်ရရှိစေရေး အကြံပြုတင်ပြခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက အသေးစား၊ အငယ်စားနှင့် အလတ်စား စီပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။