ပြည် ဧပြီ ၂၈

ပဲခူးတိုင်းဒေကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရေး ကွင်းဆင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ နဝဒေးရပ်ကွက်ရှိ ရွှေဝါထွန်း စိုက်ပျိုးရေးစက်ကိရိယာမျိုးစုံထုတ်လုပ်ရေး အလုပ်ရုံသို့သွားရောက်၍ မြေယာထွန်ယှက်စက် ဆန်းစပ်တီထွင်လုပ်နေမှု၊ ကြံလမိုင်းဖြတ်စက်ထုတ်လုပ်နေမှု၊ လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder များ ထုတ်လုပ်နေမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး စက်ရုံအလုပ်ရုံများအားလုံး Solar စနစ်ကိုသုံးစွဲနိုင်ရေး၊ ပြည်ပသွင်းကုန်အစားထိုး ဒေသတွင်းစွန့်ဦးတီထွင်၍ လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်နေသူများအား အားပေးမြှင့်တင်ပေးရန်နှင့် လိုအပ်သည့်နည်းပညာရရှိရေး အားလုံးပူးပေါင်း ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် နဝဒေးရပ်ကွက် ရှိ ဦးသိန်းနိုင်၏ “သာလီစွ”အမှတ်တံဆိပ်ဖြင့် သံပုရာ၊ ကွမ်း၊ စပါးနှင့် ကြံသီးနှံများအတွက် သဘာဝ မြေဩဇာနှင့် အပင်ရွက်ဖျန်းမြေဩဇာရည် ထုတ်လုပ်နေမှုတို့အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကုန်ကြမ်းပစ္စည်း များ လွယ်ကူစွာရရှိနိုင်ရေး၊ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရောင်းချနိုင်ရေးနှင့် တောင်သူများ ဈေးနှုန်း သက်သာဝယ်ယူအသုံးပြုနိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ မှော်ဇာကျေးရွာ အုပ်စု၊ သရေခေတ္တရာမြို့ဟောင်းရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ဘောဘောကြီးစေတီ ပြန်လည်ပြုပြင်မွမ်းမံနေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ရှေးဟောင်းသုတေသနပညာရှင်များ အဖွဲ့၊ ပြင်ဆင်ထိန်းသိမ်းရေး တာဝန်ရှိသူများက စေတီတော်ကြီး၏ လုံးပတ်နေရာ၌ အက်ကွဲကြောင်းကြီး (၉)ခုဖြစ်ပေါ်ခဲ့မှု၊ ညောင်ပင်များဖယ်ရှားနေမှုနှင့် ရှေးမူလက်ရာမပြတ် ပြင်ဆင်ဆောင်ရွက်နေမှုတို့အား ရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိုးရာသီမရောက်မီ အချိန်မီပြီးစီးရေး၊ အက်ကွဲ ကြောင်းများအကြား မိုးရေဝင်ရောက်မှုမရှိစေရေးနှင့် ဘုရားကြီး၊ ဘုရားမာ စေတီများကိုလည်း ကြံ့ခိုင်မှုစစ်ဆေး၍ ပြန်လည်ပြင်ဆင်နိုင်ရေး ကွင်းဆင်းစိစစ်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့နယ်၊ မုဌောကျေးရွာအုပ်စုရှိ ရေကြီး ရေနက်ကွင်းအား ရေတော်မိုးတော်လယ်ဧကအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေး အရှည်(၈၉၀၀)ပေ တူးဖော် ပေးခဲ့သဖြင့် အကျိုးပြုလယ်မြေဧက(၁၅၀၀) ရာသီမရွေးစိုက်ပျိုးနိုင်တော့မည့် အခြေအနေအား ကွင်းဆင်း ကြည့်ရှု ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ရေပေးမြောင်းများ ရေရှည်တည်တံ့စေရေးနှင့် ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေး အားလုံးဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရ ရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website