Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတက္ကသိုလ်၌ လူငယ်တွေ့ဆုံပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ပဲခူးတက္ကသိုလ်၌ လူငယ်တွေ့ဆုံပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၀

          ပဲခူးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ “လူငယ်တွေ့ဆုံပွဲနှင့် လူငယ် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား/သူများ၊ သင်တန်းသား/ သူများ၊ ပရဟိတ အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းနှင့် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က လူငယ်တွေ့ဆုံပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အမှာစကား အသီးသီးပြောကြားခဲ့ကြသည်။ ၎င်းနောက် အခမ်းအနားတက်ရောက်လာသည့် လူငယ်မောင်/မယ်များက လူငယ်ရေးရာနှင့်ပတ်သက် သည့် သိလိုသည်များ မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာမောင်သင်းက ပြန်လည်ဖြေကြားပေး ခဲ့သည်။

          ထို့နောက် ပဲခူးတက္ကသိုလ်အနုပညာအသင်း ကျောင်းသား/သူများက တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေး အပ်ခဲ့သည်။ ၎င်းနောက် အသိပညာပေးဟောပြောမည့် စာရေးဆရာကြီး ဦးကျော်ကျော်လှိုင်အား တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အမှတ်တရလက်ဆောင်ကိုလည်းကောင်း၊ ပဲခူးတက္ကသိုလ်ပါမောက္ခ ဆရာမကြီးထံသို့ လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အားကစားပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။

          ယင်းနောက် စာရေးဆရာကြီး ဦးကျော်ကျော်လှိုင်က “လူငယ်နှင့် အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် လူငယ်အသိပညာပေးဟောပြောပေးခဲ့သည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် အခမ်းအနားသို့ တက်ရောက်လာသည့် ကဏ္ဍပေါင်းစုံမှ လူငယ်မောင်/ မယ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။