ပဲခူး အောက်တိုဘာ ၂၇

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ယမန်နေ့ညပိုင်း၊ သီတင်းကျွတ်လ ပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆီမီး (၁၀၀၀၀) ဆက်ကပ်လှူဒါန်းပူဇော်ပွဲအား ရွှေမော်ဓောဘုရားရင်ပြင်တော်ပေါ်၌ ပြည်သူများနှင့်အတူ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ဇနီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးတို့က ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး အား ဗုဒ္ဓဂုဏ်တော်များကို ရည်မှန်း၍ နမောတဿသုံးကြိမ်ရွတ်ဆို ကန်တော့ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် စေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)အား စတင်မီးထွန်း ညှိပူဇော်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တို့က ဆုတောင်းပြည့်ရွှေမော်တော်ရင်ပြင်ပေါ်၌ ဆီမီးများ အသီးသီးထွန်းညှိခြင်းနှင့် ရောင်စုံမီးပုံပျံများ လွှတ်တင်ပူဇော်ခဲ့ကြကာ တေးညွှန့်မင်္ဂလာတေးဂီတအဖွဲ့က ညိမ့်ညောင်းသာယာသော ဓမ္မတေးများဖြင့် သီဆိုပူဇော်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် တေးညွှန့်မင်္ဂလာ တေးဂီတအဖွဲ့တို့အား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ရွှေမော်ဓောဘုရားလမ်းတစ်လျှောက်၌ ဌာနဆိုင်ရာများ ၏ စတုဒီသာမဏ္ဍပ်များတွင် ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ မြန်မာမုန့်မျိုးစုံ၊ အချိုရည်၊ အအေးနှင့် အခြား စားသောက်ဖွယ်ရာများ စတုဒီသာကျွေးမွေးနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့ ညချမ်းအချိန်တွင် ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၊ ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး၊ ကျိုက်ပွန်လေးမျက်နှာဘုရား၊ မဟာစေတီ တော်မြတ်ကြီး၊ ရွှေဂူလေးဘုရား၊ ရွှေဂူကြီးဘုရား၊ ကျိုက်ပညာယျစေတီတော်မြတ်ကြီး စသည့် ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများတို့တွင် သီတင်းကျွတ်ကာလအချိန်အတွင်း ညစဉ် ဆီမီးပူဇော်ခြင်း နှင့်အတူ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် အထူးစည်ကား သိုက်မြိုက်လျက်ရှိပြီး ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာများက ရွှေမော်ဓောဘုရားလမ်းတွင်လည်း ကောင်း၊ စေတနာရှင်ပြည်သူများက ရှေးဟောင်းဘုရားစေတီပုထိုးများ၊ ရပ်ကွက်/ကျေးရွာများအလိုက် စတုဒီသာကျွေးမွေးမှုများဖြင့် ကုသိုလ်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website