Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးရိတ်သိမ်းခြွေလှေ့မှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးရိတ်သိမ်းခြွေလှေ့မှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

သာယာဝတီ စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာလ(၂၂)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးရိတ်သိမ်းခြွေလှေ့နေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရွှေတောင်မြို့နယ်၊ ဒေါင်းဇွန်ကျေးရွာ၌ သုခမွှေး၊ ရေအနည်းလို-၇၊ ပြည်တော်ရင်၊ ရက်(၉၀)၊ ရတနာတိုး (၈)မျိုး(၁)လီ ရိုရိုး စမ်းသပ်စိုက်ခင်းသို့ ကွင်းဆင်း ကြည့်ရှုခဲ့ပြီး စပါးမျိုးတစ်ခုချင်းအလိုက် ဧကကွက်များဖော်ထုတ်၍ စပါးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ ဆောင်ရွက်ရန်နှင့် ဒေသခံတောင်သူများအား ခေါ်ယူပြသအသိပညာပေးခြင်းများဆောင်ရွက်ရန် တာဝန်ရှိသူ များအားလမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာအုပ်စု၌ တောင်သူဦးတင်ရွှေ၏ ထိုင်းနှံကောက် ရိတ်သိမ်းခြွေလှေ့နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး မိုးစပါးတစ်ဧက လျှင် အစိုတင်း(၁၆၀)ထွက်ရှိကြောင်း သိရှိရပြီး စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ တောင်သူတိုင်း အထွက်နှုန်းကောင်းပြီး ပိုးမွှားဒဏ်ခံနိုင်သည့် သက်လျင်စပါးမျိုးများ အလွယ်တကူ ဝယ်ယူစိုက်ပျိုးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ရေသွင်းရေထုတ်ကောင်းမွန်စေရေး ရေပေးမြောင်းများ ပြန်လည် အဆင့်မြှင့်တင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ရန်ကုန်-ပြည် ကားလမ်းတစ်လျှောက် မိုးစပါးရိတ်သိမ်းခြွေလှေ့နေမှုများအား ကြည့်ရှုအားပေးခဲ့ကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒုတိယသီးနှံ ဖြစ်သည့် ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မျိုးကောင်းမျိုးသန့် ရရှိရေး ဆောင်ရွက်ပေးမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မင်းလှမြို့နယ်၊ ကိုင်းပြင်ကြီးကျေးရွာအုပ်စုရှိ တောင်သူ ဦးတင်ဦး၏ ဗီယက်နမ်မြေပဲ မျိုးစေ့ထုတ် စံပြကွက်ရိတ်သိမ်းပွဲသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တစ်ဧကလျှင်(၁၀၈)တင်း ထွက်ရှိ ကြောင်းသိရှိရသည်။ ၎င်းနောက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ဗီယက်နမ်မြေပဲမျိုးသည် ကိုင်းပွားများ အထိ အသီးသီးပြီးထွက်ရှိသည့်သီးနှံတိုင်းတွင် အဖျင်းအမှော်ကင်းရှင်းခြင်း၊ ဆီထွက်နှုန်းကောင်းမွန်ခြင်း၊ ဆီသန့်စင်ခြင်းနှင့် ဈေးကွက်ခိုင်မာမှုများရှိ၍ မြေပဲစိုက်ပျိုးသူတောင်သူများအား နိုင်စီးမြှင့်ရန်ပုံငွေဖြင့် အထွက်နှုန်းကောင်းသည့် ဗီယက်နမ်မြေပဲမျိုးများ လုံလောက်စွာရရှိရေး စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မျိုးကောင်းမျိုးသန့်များအား တောင်သူလက်ဝယ်သို့ ဖြန့်ဖြူးပေးရာတွင် မျိုးစေ့ သန့်စင်ခြင်းလုပ်ငန်း တစ်ပါတည်းဆောင်ရွက်သွားရန်နှင့် ဒေသတွင်း စပါးမျိုးကွဲ များပြားမှုမရှိစေရေး စနစ်တကျ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်တွင် မိုးစပါးစိုက်ဧက(၂၆)သိန်းကျော်ရှိပြီး စက်တင်ဘာလ ပထမအပတ်မှစ၍ ရိတ်သိမ်းလျက်ရှိရာ ယနေ့အထိ စုစုပေါင်းမိုးစပါးစိုက်ဧက (၈၃၀၀၀)ကျော် ရိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။