Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၊ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်နှင့် ရတနာ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၊ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်နှင့် ရတနာ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၄
=============

ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီး၏ ကောင်းမှုတော်ဖြစ်ပြီး သက္ကရာဇ်(၉၂၂)ခုတွင် တည်ထားကိုးကွယ်တော်မူခဲ့သည့် ပဲခူးမြို့ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး အထွဋ်တွင် ရတနာစိန်ဖူးတော်နှင့် ရတနာငှက်မြတ်နားတော် တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဧပြီလ(၄) ရက်နေ့ နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားသို့ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ပဲခူးမြို့၊ မြို့မစာသင်တိုက်ပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု၊ ဘဒ္ဒန္တဂန္ဓမာ မထေရ်မြတ်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲတို့ကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး သံဃာတော်အရှင်သူမြတ်များထံမှ ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းက မေတ္တာသုတ်ပရိတ်တရားတော်နှင့် အာဋာနာဋိယသုတ်ပရိတ်တရားတော်များကို နာယူကာ ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲတို့ကိုယူဆောင်၍ စေတီတော်မြတ်ကြီး ဝတ္ထုကံနယ်မြေတွင် ပက်ဖျန်းကြဲဖြန့်ချီနှောင်ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်ကြီးများထံ ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်တို့အား ဆက်ကပ်လှူဒါန်းကြပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယသာသနာပိုင်၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာအရှင်ဉာဏိဿရ အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာယူ၍ ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။
ဆက်လက်၍ ဆရာတော်၊ သံဃာတော်များမှဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များက ရတနာစိန်ဖူးတော်နှင့် ရတနာငှက်မြတ်နားတော်တို့ကို မင်္ဂလာဝေါယာဉ်ဖြင့် စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပင့်ဆောင် ပူဇော်ကြသည်။
ထို့နောက် ရတနာစိန်ဖူးတော်နှင့် ရတနာငှက်မြတ်နားတော်တို့ကို မင်္ဂလာရထားပျံပေါ်သို့ ပင့်ဆောင်ပြီး နံ့သာရည်များပက်ဖျန်းကာ စေတီတော်မြတ်ကြီး၏အထွဋ်သို့ တင်လှူပူဇော်ကြရာ သံဃာတော်များမှ ဇယန္တော ဗောဓိယာမူလေ အစချီ ဇယမင်္ဂလာအောင်ဂါထာများကို ရွတ်ဖတ်ပူဇော်ကြကာ အောင်ပွဲအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုး ရွာသွန်းဖြိုးကြသည်။
ဆုတောင်းပြည့် စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး၏အထွဋ်သို့ ရတနာထီးတော်၊ ရတနာငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူပူဇော်ခြင်း အောင်ပွဲအထိမ်းအမှတ်အနေဖြင့် ညပိုင်းအချိန်တွင် အထူးတရားပွဲအဖြစ် စေတီတော်ကြီး၏ ရင်ပြင်တော်၌ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယသာသနာပိုင်၊ အဘိဓဇမဟာ ရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာအရှင်ဉာဏိဿရ အရှင်သူမြတ်မှ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။