Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ငါး၊ပုစွန် ရေထွက်ပစ္စည်းများ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ငါး၊ပုစွန် ရေထွက်ပစ္စည်းများ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဒီဇင်ဘာ ၂၇

==================

          ပဲခူးမြို့၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌ ငါး၊ပုစွန် ရေထွက်ပစ္စည်းများ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အရည်အသွေး ထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာလ(၂၇)ရက်နေ့၊ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး၏ ငါးလုပ်ငန်းကဏ္ဍ သည် အခြားပြည်နယ်/တိုင်းဒေသကြီးများသို့ တင်ပို့လျက်ရှိပြီး ငါးရိက္ခာနှင့် အစာအာဟာရလိုအပ်ချက် ဖြည့်ဆည်းပေးရာတွင် အဓိကကျသည့်နေရာမှ ပါဝင်လျက်ရှိကြောင်း၊ ငါးမွေးမြူထုတ်လုပ်ရာတွင် အာဟာရ ပြည့်ဝပြီး ဘေးဥပါဒ်ကင်းစေရန်နှင့် ဝင်ငွေကောင်းမွန်စွာရရှိနိုင်ရေး ကောင်းမွန်သော ရေထွက်ပစ္စည်း ထုတ်လုပ်မှုကျင့်စဉ် GAqP စနစ်များကို ကျင့်သုံးရမှာဖြစ်ပြီး ငါး/ပုစွန် ရေထွက်ပစ္စည်းထုတ်လုပ်သူများ အနေဖြင့် သိရှိလိုက်နာကြရန် အထူးလိုအပ်မှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သွင်းကုန်အစားထိုး ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်စေရေး ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည့် အချိန်အခါကောင်းဖြစ်၍ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်များကို ကုန်ကြမ်းတင်ပို့သည့်အဆင့်မှ ကုန်ချောတင်ပို့နိုင်သည့်အဆင့်ထိ တိုးတက်စေရေး အတွက် လိုအပ်သည့် နည်းပညာနှင့် အရင်းအနှီးများ ရရှိစေရေး ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မိရိုးဖလာရေထွက်ကုန်ပစ္စည်းများကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရာတွင် အစားအစာ ဘေးကင်း လုံခြုံစွာ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်ရေး သင်တန်းမှပို့ချပေးလိုက်သည့် နည်းပညာများကို အခြေခံ ပြီး မိမိတို့လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိပါက လက်တွေ့လိုက်နာကျင့်သုံးကြစေလိုကြောင်း ပြောကြား ခဲ့သည်။

          ထို့နောက် ရေထွက်ပစ္စည်းမွေးမြူထုတ်လုပ်သူ သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ပြီး သင်တန်း/သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

          အဆိုပါသင်တန်း၌ ငါး၊ပုစွန်များတွင် ပါဝင်သော အာဟာရဓာတ်များ၊ လတ်ဆပ်မှုလက္ခာဏာများ အားသိရှိစေရန်၊ ငါး၊ပုစွန်အရည်အသွေးစစ်ဆေးဆုံးဖြတ်သော နည်းလမ်းများနှင့် ကုန်ကြမ်းပစ္စည်းများ ပုပ်သိုးပျက်စီးမှုမှာ ကာကွယ်ရန်နည်းလမ်းများအား သိရှိစေရန်၊ ရေခဲအသုံးပြုခြင်း၏ အကျိုးသက်ရောက်မှု နှင့် ဆိုးကျိုးများအား သိရှိစေရန်၊ အခြေခံအစားအစာ ထုတ်ပိုးခြင်းအတတ်ပညာများနှင့် ဓာတုဗေဒဆေးဝါး အသုံးပြုထားခြင်းအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ ဘေးကင်းလုံခြုံသော အစားအစာများ ထုတ်လုပ် ခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ပြီး ဝင်ငွေအခွင့်အလမ်း ပိုမိုကောင်းမွန်စွာရရှိစေရန် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနရုံး၌ ငါးမွေးမြူရေးလက်တွေ့သရုပ်ပြရှင်းလင်းဆောင် ဆောက်လုပ်နေမှုနှင့် သဘာဝငါးမျိုးများဖြစ်သည့် ငါးရံ့၊ ငါးခူ၊ ငါးကျည်း မျိုးပွားကန်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။